မုံရွာမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်း စစ်ကိုင်းတိုင်း အတွင်း တည်ရှိသည်။ မန္တလေးနှင့် ကလေးမြို့ ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်နေသည်။ မုံရွာ မြို့ တွင်း မှာ တည်ထား သော ဘုရား ကြီးနှစ်ဆူရှိပါသည်။ ရွှေစည်းဂုံစေတီ နဲ့ ဆုတောင်းပြည့် စေတီ တို့ ဖြစ်ကြသည်။ တစ်နှစ်မှ တစ် ခါ ကျင်းပသော မုံရွာ မြို့၏ အခမ်းနားဆုံးပွဲတော် မှာ ဘုရားကြီးပွဲတော် ဖြစ်ပါသည်။သီတင်းကျွတ်ပြီဆိုလျှင် ပွဲတော် မှာ အလွန် စည်ကား၍ ရက်ပေါင်း ၁၀ ရက်ကြာသည်။
၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့၌ သက်ကြီးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိ မုံရွာမြို့၏
တက္ကသိုလ်များမှာ...........
မုံရွာတက္ကသိုလ်
မုံရွာစီးပွားရေးတက္ကသိုလ်
မုံရွာ နည်းပညာ တက္ကသိုလ်
မုံရွာ ကွန်ပျူတာ တက္ကသိုလ်
မုံရွာ ဆရာအတတ်သင် ကောလိပ် တို့ဖြစ်သည် ။
- မုံရွာမြို့၏တောင်ဘက် မုံရွေး အရှေ့ဖတ်ရှိ ရွှေမြင့်တင်တောင်ကုန်းမှ ရှေးဦးလူတို့၏ လူရိုးနှင့် ဦးခေါင်းခွံများ ရှာဖွေတွေ့ရှိထားသည်။
- ကျောက္ကာရွာတွင် လှည်းလမ်းကြောင်း ရေတိုက်စားရာမှ ပေါ်ထွက်လာသော ရှေးဦးလူသားရုပ်ကြွင်း၊ မြေအိုး နှင့် အရိုးအိုးများကိုလည်း တွေ့ရှိခဲ့သည်။
- မုံရွာမြို့၊ ကွေးကြီးရပ်ကွက်ရှိ စုပင်ဖြူရွာ၊ စုပင်ဖြူကျောင်းဝိုင်းအတွင်းမှ ရှေးဟောင်း လူရိုးနှစ်ခုကို ကျောက်ပုဆိန် လေးခု၊ ကျောက်ကွင်း လေးခု၊ မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့သည်။
- မုံရွာ၏ မြောက်ဘက်၊ မိုင်(၂၀)ကျော် အကွာ ညောင်ကန်ဒေသမှာ ရှေးဟောင်းလူသားရုပ်ကြွင်းနှင့် ကြေးထည်များ တူးဖော်ရရှိခဲ့သည်။
ပုဂံခေတ် ကျောက်စာတွင် မုန်ရွာဟု တွေ့ ရှိရသည်။ သာလွန်မင်း စစ်တမ်းတွင် မုန်ရွာဟု ဖော်ပြပြီး ကုန်းဘောင်ခေတ်တွင် အလုံမြို့ စီရင်စု အတွင်းရှိသောရွာ တစ်ရွာဟု ဖော်ပြခဲ့ သောကြောင့်  ရွာကြီးမျှသာဖြစ်၍ အလုံမြိုမြို့သာလျင် ထင်ရှားခဲ့ပေသည်။ ဗြိတိသျှတို့ လက်ထက် ခရစ် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့ အဖြစ် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် မုံရွာမြို့ တည် ခုနှစ်သည် (၁၈၈၈) ခုနှစ် ဖြစ်ပါသည်။
မုံရွာမြို့သည် အရှေ့လောင်ဂျီကျု ၉၅ဒီဂရီ ၁၃မိနစ် နှင့် မြောက်လတ္တီကျု ၂၂ဒီဂရီ ၁၁မိနစ် အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။ စစ်ကိုင်းမြို့မှ အနောက်ဖက် ၆၅ မိုင် ကွာဝေးသည်၊ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ကို ပြန်လည်တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။ မုံရွာ မြို့၏ မြောက်ဘက် (၆)မိုင် အကွာတွင် အလုံမြို့ ရှိသည်။ အလုံမှနေ၍ အနောက်ကို တည်တည့် သွားလျှင် ချင်းတွင်းတံတား ရှိပြီး တံတား အနောက် ဖက် ထိပ်မှာ လယ်တီ ဆရာတော် သီတင်းသုံးခဲ့သော ရွှေတောင်ဦးစေတီကို ဖူးတွေ့နိုင်ပေသည်။
အလောင်းတော် ကဿဖ
ဖိုးဝင်းတောင်(ဖိုလ်ဝင်တောင်)
တွင်းတောင်
မိုးညှင်းသမ္ဗုဒ္ဓေ ဘုရား
မဟာဗောဓိတထောင် နှင့်
ရွှေတောင်ဦးဘုရား တို့ဖြစ်သည် ။
ခရစ်နှစ် ၂၂၁ ခုနှစ်၊ အာသောကမင်းကြီး တည်ခဲ့သော ဆုတောင်းပြည့် ဘုရားနှင့် ရွှေစည်းခုံဘုရား (တည်ထား ခုနှစ် ခရစ်နှစ် ၂၂၄ ခု ) နှစ်ဆူဟာဖြင့် ထင်ရှားလှသည်။ ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားကြီးပွဲသည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။ သတင်းကျွတ်လ ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သတင်းကျွတ်သည်မှပင် ပွဲများ စတင်ကြသည်။ ဆုတောင်းပြည့် ဘုရား ပုရ၀ုဏ်နှင့် ရွှေစည်းခုံ ဘုရား ပုရ၀ုဏ်မှာပါ ဈေးဆိုင်တန်းများ စည်ကားလှပေသည်။ ရှေးအခါက ထိုဘုရားပွဲကို နယ်မှတောင်သူများ လာရောက်ပြီး ထွန်တုံး၊ ထွန်ဆန်များ၊ ဆန် ဆီ ဆေး တစ်နှစ်စာ လိုသမျှကို ၀ယ်ယူ သွားကြလေ့ရှိသည်။
နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့ ညတွင် ရွှေစည်းခုံ ဘုရား ရင်ပြင်တော်ပေါ်၍ မသိုးသင်္ကန်းယက် ပြိုင်ပွဲရှိသည်။
နောက်ထပ် ထင်ရှားသောပွဲတော်များမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် နှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသော မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားပွဲတော် ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့ အနယ်နယ်မှ လာရောက် ဖူးမျှော် ကြည့်ရူ့ကြသည်။ မဟာဗောဓိတထောင်တွင် ၆၃တောင်ဆင်ခံဘုရား၊ ၂၂၂တောင်ရှိလျောင်းတော်မူရုပ်ပွါးတော်မြတ် ဥာဏ်တော်အမြင့် ၂၉၇တောင်ရှိ တည်ဆောက်ဆဲ ရပ်တော်မူဘုရားကြီး၊ နဂါးရုံဘုရား ၊ ဘုံခုနှစ်ဆင့်ဘုရား၊ ကရ၀ိတ်ဘုရား ဗောဓိပင်နှင့်ရုပ်ပွါးတော်များအလယ်မှ ဒီပါအေးစေတီတော် ၊ ထန်းစေတီတော်၊ ဇမ္ဗုပတိချွတ်ခန်းဘုရားများကို ဖူးမျှော်ကြည်ညိုနိုင်သည်။ မုံရွာနယ်တွင်းရှိ မိုးညှင်းတောရ ဆရာတော်ဘုရားတည်သော သမ္ဗုဒ္ဓေစေတီကား ယခုအခါ ကျော်စောလှပေသည်။ ထိုပြင် လယ်တီဆရာတော်ဘုရား၏ လယ်တီကျောင်းတိုက်သည်လည်း မုံရွာနယ်တွင် ရှိပေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဖိုးဝင်းတောင်သည်လည်း မုံရွာနယ်တွင် ပါဝင်သည်။ မုံရွာအထက်နားရှိ အလုံ ဘိုးတော်ကြီးနတ်ပွဲမှာ အထူးပင်ထင်ရှားသည်။
မုံရွာသည် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူပေသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥပဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းသည်။
ရထားများမှာ
- မုံရွာ - မန္တလေး စာပို့ရထား
- မုံရွာ - ပခုက္ကူ လူစီးရထား
- မုံရွာ - ခင်ဦး လူစီးရထား
- မုံရွာ - တည်းတိမ်ရံ ကားရထား
- မုံရွာ - ရန်ကုန် ကုန်ရထား
မုံရွာမြို့ရဲ့ လူဦးရေဖွံဖြိုးတိုးတက်မှုကို အောက်ပါအတိုင်း တွေ့ရပါသည်။
- ၁၉၈၉ ခုနှစ် - ၁၀၆,၈၄၃ ( သန်းခေါင်စာရင်းအရ...)
- ၁၉၉၃ ခုနှစ် - ၁၃၈,၅၇၆ ( ခန့်မှန်းခြေအရ...)
- ၂၀၀၉ ခုနှစ် - ၂၀၂,၉၈၃ ( တွက်ချက်မှုအရ...)
လမင်းညီ
ကိုးကား
မုံရွာ ရာပြည် မဂ္ဂဇင်း (မိဂဒါဝုန်ဆရာတော် ရေး)
မြန်မာ စွယ်စုံကျမ်း အတွဲ ၉၊ စာ၃၃၉http://monywa.org/
မြန်မာ့စွယ်စုံကျမ်း စီဒီရွမ်
မုံရွာ - Myanmar Online Encyclopedia
မုံရွာ - Myanmar Online Encyclopedia
wikimyanmar.co.cc/wiki/index.php?title=မုံရွာ